Thursday 23 June 2016

The VVitch (2015) (မြန်မာစာတန်းထိုး)


၁၇ ရာစု New England မှာပါ။ ဘာသာရေးအရမ်းလိုက်စားတဲ့ လယ်သမားမိသားစုတစ်စုဟာ အိမ်ထောင်ဦးစီးဖြစ်သူရဲ့ မဖော်ပြထားတဲ့ ပြစ်မှုတစ်ခုကြောင့် Plantation တစ်ခုကနေ ထွက်လာရပြီး တောစပ်မှာအိမ်ဆောက် နေထိုင်ကြပါတယ်။ တစ်ရက်မှာ ကလေးအငယ်ဆုံးဖြစ်တဲ့ Sam ဟာ မျက်စိရှေ့တင် ပျောက်ဆုံးသွားလို့ မိသားစုဟာ အကြောက်တရားတွေ၊ စိတ်ဆင်းရဲစရာတွေနဲ့ပြည့်လာပြီး ကလေးပျောက်သွားတဲ့အချိန်မှာ ကလေးထိန်းနေတဲ့ မိသားစုရဲ့အကြီးဆုံးသမီး Thomasin ကိုလည်း အမြင်မကြည် အပြစ်တွေတင်လာပါတယ်။ ကြားထဲမှာလည်း အင်မတန်စကားတတ်တဲ့ အမြွှာနှစ်ယောက်ဟာ Thomasin ကို စုန်းမလို့ စွပ်စွဲတာတွေရှိလာရင်း မိသားစုမှာ ပြဿနာတွေ တဖြည်းဖြည်းကြီးလာလို့ ဘာသာရေးယုံကြည်မှုတွေ၊ မိသားစုဝင်အချင်းချင်းကြားက ယုံကြည်မှုတွေကို မေးခွန်းထုတ်စရာတွေဖြစ်လာတော့ပါတယ်။
၁၇ ရာစု Colonial America မှာဖြစ်ခဲ့တဲ့ စုန်းအတတ်ကျင့်တယ်ဆိုပြီး လူတွေကိုဖမ်းဆီး သေဒဏ်ပေးခဲ့တဲ့ Salem Witch Trials အဖြစ်အပျက်တွေကိုအခြေခံရိုက်ထားတာဖြစ်ပြီး သိရသလောက်တော့ ဒီရုပ်ရှင်အခြေတည်တဲ့အချိန်က အဲ Trial တွေမဖြစ်ခင် မျိုးဆက်တစ်ခုအလိုကလို့ ဆိုပါတယ်။ စုန်းကဝေကားဆိုလို့ ဒီကားကို မှော်အတတ်တွေ၊ spell တွေနဲ့ နှာခေါင်းကောက်ကောက် စုန်းမကြီးတွေဆိုတာမျိုး မမြင်မိပါနဲ့။ ဒီကားက Horror ကားစစ်စစ်ဖြစ်ပါတယ်။
သရဲကားတွေ horror ကားတွေအများကြီးပါ။ ဘယ်လောက်ဘဲကြောက်ဖို့မကောင်းဖူးပြောပြော ကားတိုင်းက ဝုန်းကနဲ ဒိုင်းကနဲ ကြည့်သူကို လန့်အောင် Jump scare တွေသုံးပြီး လုပ်နိုင်တာတွေချည်းပါ။ ဟိုဘက်ကြည့် ဘာမှမရှိ၊ ဒီဘက်ပြန်ကြည့် သရဲက နောက်ရောက်နေပြီး နောက်ခံတီးလုံးက ဗြန်းကနဲဆိုတော့ တော်ရုံလူထခုန်မိတာ အမှန်ပါပဲ။ ဟိုတစ်ခေါက်က ရုံတင်တဲ့ The Other Side of the Door လိုပေါ့။ ကြည့်တော့ သရဲကိုကြောက်တယ်ဆိုတာထက် ကိုယ့်ကိုမလန့်လန့်အောင် ခြောက်မဲ့အကွက်ကိုပဲ လန့်နေရတာ။ ကြည့်ပြီး ရင်ထဲဘာမှမကျန်ဘူး။ အခု The VVitch ကတော့ ကြောက်ဖို့ကောင်း လန့်ဖို့ကောင်းတဲ့ကားထက် ခြောက်ခြားစရာကားလို့ပြောရင် ပိုမှန်ပါမယ်။
ဒီကားရဲ့ အဓိကအနှစ်နှစ်ခုက နောက်ခံတီးလုံးနဲ့ cinematography ပါ။ ဘာဆိုဘာမှ ကြောက်စရာမရှိတဲ့ တောစပ်နေရာကို ပြနေပေမဲ့ colour နဲ့ နောက်ခံတီးလုံးတွေကြောင့် လူက ခြောက်ခြားပြီး စိတ်တွေလေးလံမိအောင်လုပ်ထားနိုင်တယ်။ နောက်ကျွန်တော် သဘောကျတာက တခြား horror ကားတွေလိုမျိုး သရဲ၊ အကောင် (ဒီကားမှာဆို စုန်းမ) ကို အကောင်အထည်နဲ့ သေချာမပြထားဘူး။ ပြတော့လည်း နိုင်ငံခြား review တစ်ပုဒ်မှာရေးထားသလိုပါပဲ။ စုန်းမရော စုန်းမဘာလုပ်နေတယ်ဆိုတာရော မြင်လည်းမြင်ချင်တယ်၊ ကြည့်လည်းမကြည့်ချင်ဘူး ဆိုတာမျိုးဖြစ်အောင်လုပ်ထားနိုင်တယ်။ ကျွန်တော်အရင်ဆုံးသဘောကျမတဲ့အကွက်ကတော့ စစချင်း သူတို့ plantation က ထွက်တဲ့အခန်းမြင်ကွင်းပါ။ ကိုယ်လည်းထွက်သွားရော gate ကြီးပိတ်ပြီး အထဲကလူတွေကလည်း ကြည့်ပြီးကျန်ခဲ့တာကို ရိုက်ပြထားတာက ကိုယ်ကိုယ်တိုင်ကလည်း အထီးကျန်သလို လွမ်းဆွေးသလို ခံစားရတယ်။ တကယ်ကြမ်းပါပီဟေ့ဆိုတဲ့အခန်းဆိုလည်းသူများ သရဲကားတွေက ပျော်ပျော်ကြီးကို သွေးထွက်သံယိုတွေ ကြောက်စရာအကွက်တွေပြမှာဆိုပေမဲ့ သူကတော့ အသံလောက်ပဲပြတယ်။
Dialogue တွေက အဲဒီခေတ် VVitch Trial တွေတုန်းက တကယ့် မှတ်တမ်းတွေအတိုင်းအားလုံးနီးပါးသုံးထားတယ် ပြောခိုင်းထားတယ်လို့ဆိုပါတယ်။ ဆိုတော့ အဲခေတ်အသုံးအနှုန်းတွေ လေသံတွေကို တစ်မျိုးခံစားရမှာပါ။ ဘာသာရေးအရမ်းသက်ဝင်ယုံကြည်ပြီး နည်းနည်းဆို God ကိုပဲ မှန်းဆတမ်းတ ဆုတောင်းနေကြတဲ့ မိသားစုဟာ တကယ်တမ်း မထင်မှတ်တဲ့ အဖြေရှာမရတဲ့ပြဿနာတွေတွေ့လာတော့ တော်တော်လေးနက်နဲတဲ့ မေးခွန်းတွေမေးပြထားတယ်။ ဆိုတော့ တော်တော်လေးကြက်သီးထဖို့ကောင်းတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ အဖေကြီး William ရဲ့ မူရင်းအသံကိုက ကြောက်ဖို့ကောင်းတယ်။ ကျန်တဲ့ Thomasin နဲ့ကလေးတွေနေရာမှာသရုပ်ဆောင်သူတွေအားလုံးကို သဘောကျပါတယ်။ Caleb နေရာသရုပ်ဆောင်ရတာတော့ တော်တော်လေးမလွယ်ပါဘူး။ Possess ဖြစ်တဲ့ခန်းကို တော်တော်လေးပင်ပမ်းခံရိုက်ထားတယ်။ သိရတာက ရုပ်ရှင်က သိပ်မကြာပေမဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ညီအောင်လုပ်ရတာ ရာသီဥတုကိုကြည့်ရတာတွေကြောင့် ၄ နှစ်လောက်ရိုက်ကူးရတယ်ဆိုပဲ။
The VVitch ရုပ်ရှင်ဟာ တခြား horror ကားတွေလိုမျိုး ကြည့်သူကိုကြောက်အောင်ခြောက်တဲ့ကား လုံးဝမဟုတ်ပါဘူး။ ဘာမှမပါဘဲကို ကြည်နေ့သူခြောက်ခြားလာအောင်၊ ကြမ်းတဲ့အခန်းဆိုလည်း ကြောက်လန့်သွားတယ်ဆိုတာထက် what the f*** ဆိုပြီးထအော်ရလောက်အောင် disturbing ဖြစ်တဲ့အခန်းတွေပါပါတယ်။ Jump scare တွေမပါဘဲ ရိုးရိုးလေးနဲ့ ကောင်းတဲ့ horror ကားကောင်းကြည့်ချင်သူတွေ ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။


No comments:

Post a Comment